New Year Prayer

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”

နှစ်ဟောင်းလည်း ကုန်လွန်သွားတော့ နှစ်သစ်ကို ရောက်လာပါပြီ။ ခုနှစ်သက္ကရာဇ်လည်း ပြောင်းသွားပါပြီ။ သိပ္ပံသဘောတရားနှင့်ပြောရပါမူ ကျွန်ုပ်တို့ကမ္ဘာကြီးသည် နေမင်းကြီးကို တစ်ပတ်လည်ဖို့ (၃၆၅) ရက်ကြာပါသည်။ ဤကဲ့သို့ တစ်ပတ်လည်သွားခြင်းကို တစ်နှစ် ဟုရေတွက်ပါသည်။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ကြကုန်သော လူသတ္တဝါတို့သည်လည်း အသက်တစ်နှစ် တိုးလာပါပြီ။

ကမ္ဘာကြီးလည်ပတ်နေလို့သာ နွေ၊ မိုး၊ ဆောင်း၊ ဟူသော ရာသီစက်ဝန်းကို ဖြစ်ပေါ်စေပါသည်။ ဒီရာသီ စက်ဝန်း လည်ပတ် နေခြင်းကြောင့် သစ်ပင်၊ ဝါးပင်၊ သီးပင်၊ စားပင်၊ တို့ကို ပေါ်ပေါက် ရှင်သန် နိုင်စေ ပါသည်။ လူအပါအဝင် မျိုးကွဲ သတ္တဝါအလုံးစုံ၊ ဇီဝအပင်မျိုးစုံတို့သည် ဉတုရာသီကို အမှီပြုကာ အသက်ရှင် နေကြရပါသည်။

ကျွန်ုပ်တို့ မှီတင်း နေထိုင်ကြကုန်သော ကမ္ဘာကြီးသည် စက်ယန္တရားကြီး တစ်ခုဖြစ်ပါသည်။ ဒီစက် ယန္တရားကြီး လည်ပတ် သွားလာနိုင်ဖို့က စွမ်းအားလိုအပ်ပါသည်။ ယင်းစွမ်းအားသည် လူလည်း မဟုတ်၊ နတ်ဗြဟ္မာလည်း မဟုတ်၊ အခြားပုဂ္ဂိုလ် သတ္တဝါ တစ်ဉီးဉီးလည်း မဟုတ်ပေ။ ယင်းစွမ်းအားကား သဘာဝဖြစ်လေသည်။ ဆုပ်ကိုင် ထိတွေ့၍ ရသည့်အရာမဟုတ်ပေ။ သာဓကအားဖြင့် ကျွန်ုပ်တို့ သဘာဝနိယာမဟု ခေါ်သည့်အရာသည် အားလုံးသော အရာဝတ္ထုတို့ကို ဖန်ဆင်းမှုအတွက်၊ အားလုံးသော အရာဝတ္ထုများ ပေါ်ပေါက်လာမှုအတွက် တာဝန်ရှိသည့်အရာ ဖြစ်လေသည်။ ပါဠိဘာသာ၌ သဘာဝနိယာမကို “ ဓမ္မ” ဟုခေါ်ပါသည်။ ထိုကြောင့် “ဓမ္မ” သည် ဗုဒ္ဓဘာသာ၏ ဘုရားသခင် ဖြစ်လေသည်ဟု ယိုးဒယားဘုန်းတော်ကြီး ဗုဒ္ဓထတ် ဘိက္ခုက ဆိုထားလေသည်။

ခရစ်ယာန် သမ္မာကျမ်းစာ သွန်သင်ချက်အရ နေမင်းကြီး လမင်းကြီး တော တောင် ပင်လယ် တို့သည် ဘုရားမဟုတ်၊ ဘုရားသည် အဆိုပါ သဘာဝ ထဲ၌လည်း တည်ရှိမနေ၊ ထို သဘာဝများတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း လက်ရာ တန်ခိုးများပင် ဖြစ်ကြပါသည်( ဆာလံကျမ်း ၁၉၊ ၁)။

ထိုကြောင့် ကမ္ဘာမြေကြီးပေါ်မှာ ရှိလေသမျှသော သတ္တဝါအလုံးစုံတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက် ရှိကြ၏ဟု သမ္မာကျမ်းစာ( တမန်တော်ဝတ္ထု ၁၇၊ ၂၈)ကအတိအလင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ချစ်သောမိတ်ဆွေ ကမ္ဘာကြီးတစ်ပတ်လည်ပတ်ခြင်းကို ဖြစ်စေသော ဓမ္မတည်းဟူသော ဘုရားသခင်ကြောင့်သာ ကျွန်ုပ်တို့သည် နှစ်သစ်ထဲကို ဝင်ရောက်ကာ အသက်ရှင်နိုင်ရခြင်းဖြစ်ပါသည်။ လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သော ရွှေရုပ်တု၊ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု ထင်မှတ်ကာ ကိုးကွယ် အားထား ဆည်းကပ်ကာ အသက်ရှင် လျှောက်လှမ်းလာခဲ့သော လမ်းဟောင်း အကျင့်ဟောင်းတို့ကို စွန့်ပစ်ကာ ဘုရားစစ် ဓမ္မစစ်ထံသို့ ပြောင်းလဲပါ။ ယုံကြည်လက်ခံပါ ။ ကိုးကွယ် ဆည်းကပ်ပါ။ အောက်ပါအတိုင်းဆုတောင်းပါ။

“အနန္တ တန်ခိုးရှင် ဘုရားသခင် ကျွန်တော် ကျွန်တော်မ၏ မသိမှု ထင်မှားမှုဖြစ်သော ကောင်းကင်စောင့်နတ် ပင်လယ်စောင့်နတ် ရွာစောင့်နတ် အိမ်စောင့်နတ် လယ်စောင့်နတ် အပေါင်းတို့အား ကိုးကွယ် ပူဇော်ပသခြင်းကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်အထဲ၌ ငြိတွယ် စွဲလမ်းနေသော မှားယွင်းသော အကျင့်ဟောင်းများတို့ကို ဖယ်ရှားစွန့်ပစ်နိုင်ရန် ကူမတော်မူပါ။ ဘုရားသခင်တစ်ပါးတည်းကိုသာ ယုံကြည် ကိုးကွယ် ခိုလှုံဆည်းကပ်သော စိတ်သစ် လူသစ် အသက်တာသစ်ဖြင့် ကျွန်တော် ကျွန်မကို ပြောင်းလဲစေတော်မူပါဘုရား”။

Comments

Popular posts from this blog

ရေခံမြေခံခရစ်ယာန်ဓမ္မသဘောတရားကိုဖော်ထုတ်ခြင်း(၁)