ရေခံမြေခံခရစ်ယာန်ဓမ္မသဘောတရားကိုဖော်ထုတ်ခြင်း(၁)
ရေခံမြေခံခရစ်ယာန်ဓမ္မသဘောတရားကိုဖော်ထုတ်ခြင်း(၁)
ကျွန်ုပ်သည် ဓမ္မရေးရာ စာပေ ကျမ်းဂန်များတို့ကို မိမိဉာဏ်မှီသရွေ့ တတ်စွမ်းသလောက် သင်ယူ လေ့လာနေသူ တစ်ယောက်ဖြစ်ပါသည်။ ခရစ်ယာန် ဓမ္မရေးရာ စာပေ ကျမ်းဂန်များတို့ကို မြန်မာနိုင်ငံဓမ္မတက္ကသိုလ် Myanmar Institute of Theology တွင် စာချဆရာ၊ ဆရာမများ၊ ဓမ္မကထိက ဆရာသမားများတို့ဖြင့် အထူး အင်္ဂလိပ်(၁)နှစ်၊ မဟာဓမ္မဝိဇ္ဇာ(၃)နှစ်၊ စုစုပေါင်း(၄) နှစ်တာကာလ ဓမ္မပညာရပ်များတို့ကို စာတွေ့ သင်ကြား ခံယူခဲ့ရပါသည်။ မိမိ သင်ကြားခံယူခဲ့သော ဓမ္မသဘောတရား ရေးရာများတို့ကို မိမိကျင်လည်ရာ လောက နယ်ပယ်မှာ လက်တွေ့အနေဖြင့် နှစ်ပေါင်း(၂၀)ခန့် သာသနာ့ ဝန်ဆောင်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ရပြီးဖြစ်ပါသည်။ လေ့လာသင်ယူသူ တစ်ယောက်အတွက် သင်ကြားခံယူမှု ဆိုသည်မှာ ပြီးဆုံးသွားပြီဆိုသောအသိ ကျွန်ုပ်တွင် မရှိခဲ့ပါ။ ယခုအချိန်ထိလည်း လေ့လာသင်ယူသူ learner တစ်ယောက် ဖြစ်နေဆဲပါ။ ထိုကြောင့် ဓမ္မကြောင်းဆိုင်ရာ ဗုဒ္ဓဘာသာ စာပေ ကျမ်းဂန်များတို့ကိုလည်း သင်ယူ လေ့လာလိုသော စိတ်ဆန္ဒလည်း ပြင်းပြလှပါသည်။ သို့သော်လည်း ဗုဒ္ဓကျမ်းဂန် ဓမ္မ စာပေများတို့ကို လေ့လာသင်ယူသောနည်းက ခရစ်ယာန်သမ္မာကျမ်းစာကို ဓမ္မကထိက ဆရာသမားများတို့ဖြင့် လေ့လာခဲ့ရသလို မဟုတ်ဘဲ လမ်းညွှန်သင်ကြားပေးသော ဆရာသမားမရှိ ကိုယ်တိုင် လေ့လာသည့်ပုံစံ self-study ဖြင့် အချိန်ရလျင် ရသလို လေ့လာ သင်ယူသော နည်းဖြစ်နေပါသည်။ ဆရာသမားများနှင့် ထိတွေ့သော သင်ယူမှု မဟုတ်တာက တစ်ကြောင်း၊ မိမိ၏ ကိုယ်တိုင်သင်ယူမှုကလည်း အချိန်ပြည့် သတ်မှတ် အချိန်ဇယားပုံစံနှင့် လေ့လာ သင်ယူသောနည်းစနစ် မဟုတ်သောကြောင့် နားမလည်တာတွေ မရှင်းမလင်းဖြစ်နေတာတွေကို မှတ်သားထားကာ မိမိလေးစား ခင်မင်ခဲ့ရသော ကျမ်းတတ် ပေတတ် ဗုဒ္မဘာသာဝင် မိတ်ဆွေများတို့ကို အခါအားလျော်စွာ မေးမြန်းခဲ့ရပါသည်။
ကျွန်ုပ်နှင့်ရေခံမြေခံဓမ္မသဘောတရား
ကျွန်ုပ်လေ့လာသိရှိရသောဓမ္မ၏ဝေါဟာရဇာတ်မြစ်နှင့်အဓိပ္ပါယ်
ဓမ္မ၏ အဓိပ္ပါယ်နှင့် စာကြောင်း အသွားအလာ ဆက်စပ်မှုကို ထပ်မံလေ့လာသော် “ဓမ္မ”သည် စကြာဝဠာကြီး အတွင်း၌ ရှိလေသမျှသော အရာအားလုံး တည်တံ့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်း reason ဖြစ်သည်။
ဘုရားသခင် ဆိုသည်မှာ ပုဂ္ဂိုလ်တော်လည်း မဟုတ်၊ နတ်ဗြဟ္မာလည်း မဟုတ်၊ မျက်စိနှင့်မမြင်နိုင်၊လက်နှင့်ကိုယ်တွယ် စမ်းသပ်လို့မရ၊ beyond nature သဘာဝထက် လွန်ကဲ၍၊ mystery လူ့ဉာဏ်နှင့် နားလည်နိုင်ရန်ခက်ခဲခြင်း၊ almighty power ဘုန်းတန်ခိုး အာနုဘော်တော် စွမ်းအားဖြင့် cosmic order စကြာဝဠာ ဖြစ်စဉ်ကြီး တစ်ခုလုံးကို လည်ပတ်စေနိုင်သော အရင်းအမြစ်၊ ထိုကြောင့် “ဓမ္မ”သည် ဗုဒ္ဓဘာသာ၏ ဘုရားသခင် ဖြစ်သည်ဟု ထင်ရှား ကျော်ကြားသော ယိုးဒယားဘုန်းကြီး ဗုဒ္ဓထတ် ဘိက္ခုက အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
ဟိန္ဒူတို့၏ ယုံကြည်ချက်အရ ဗိဿနိုး Vishnu ဘုရားသည် စကြာဝဠာကြီးကို ကာကွယ် စောင့်ရှောက်သောဘုရား၊ စကြာဝဠာဖြစ်စဉ် လည်ပတ်စေဖို့တာဝန်ရှိသူ၊ စကြာဝဠာကမ္ဘာကြီး ပျက်စီး ယိုယွင်းသွားသည့်အခါတိုင်းတွင်လည်း နဂိုအနေအထားသို့ ရောက်အောင် ပြန်လည် ဖန်ဆင်းပြုပြင် နိုင်သော တန်ခိုးရှင်ဖြစ်သည်။
ဗုဒ္ဓဓမ္မနှင့် ခရစ်ယာန်လောဂေါ့စ်
“အစဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှ မရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ”(ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း ၁၊ ပိုဒ်၁-၅)။
လူဆိုသည်မှာ မစဉ်းစားဘဲ မနေနိုင်သော သတ္တဝါများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် သဘာဝ လောကကြီးထဲမှာ မွေးဖွား လာခဲ့ကြပြီး ကြီးပြင်း အသက်ရှင် နေထိုင်ကြကာ သဘာဝ လောကကြီး ထဲမှာသာ သေဆုံးကြရမည့် လူသားများ ဖြစ်သောကြောင့် သဘာဝလောကကြီးနှင့် အဆက်ပြတ် ကင်းကွာလို့မရနိုင်ပေ။ ကျွန်ုပ်တို့နေထိုင်သော ဘဒ္ဒကမ္ဘာကြီးသည် သစ်ပင် သစ်ရိပ် မျိုးစုံ လူအပါအဝင် သတ္တဝါပေါင်းစုံ ပေါက်ဖွား ရှင်သန်နေကြပါသည်။ မဆုံးနိုင်သော အကာသဟင်းလင်းပြင် မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း ရေတွက်၍မဆုံးနိုင်သော ကြယ်ပွင့်ကလေးများကြောင့် အံ့ဩမဆုံးဖြစ်ခဲ့ရသည်။
ရှေးဉီး လူသားများတို့သည် ကျွန်ုပ်တို့ကဲ့သို့ ကမ္ဘာကြီးနှင့် ပတ်သက်၍ တွေးခေါ် ယူဆရှုမြင်ပုံ world view ချင်း မတူညီနိုင်ကြသော်လည်း အားလုံး တူညီသော အကြောင်း အချက် တစ်ခုက တန်ခိုးရှင် ရှိနေသည်၊ ပရ လောကသားများလည်းရှိသည်ကို ယုံကြည်သည်။ သဘာဝတရားကြီးသည် အံ့ဩဖွယ်ရာ စွမ်းပကားပါလား ဆိုပြီး ရှေးဉီးလူသားတို့သည် နေမင်းကြီး လမင်းကြီး တောစောင့်နတ် တောင်စောင့်နတ် ပင်လယ်စောင့်နတ် တို့ကို ရှိခိုးကိုးကွယ် ပူဇော်ပသခဲ့ကြပါသည်။ ဤကိုးကွယ်မှု အစဉ်အလာကို ရှေးဉီးလူသားတို့၏ ဘာသာတရား primitive religion ဟုခေါ်ပါသည်။
သို့သော်လည်း ခရစ်ယာန်သမ္မာကျမ်းစာ၏ သွန်သင်ချက်အရ သဘာဝသည် ဘုရားမဟုတ်၊ သဘာဝထဲ၌လည်း ဘုရားတည်ရှိမနေပေ။ သဘာဝတရားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း လက်ရာများပင်ဖြစ်ပါသည်(ဆာလံကျမ်း ၁၉း၁)။
သဘာဝတရား၏ ဉတုရာသီ ပြောင်းလဲမှုဖြစ်စဉ်သည် တိုင်ကပ်နာရီတစ်လုံး၏ ဖြစ်စဉ်နှင့် အလားတူပါသည်။ နာရီလက်တံ၊ မိနစ်လက်တံ၊ စက္ကန့်လက်တံ များတို့သည် သူ၏အစဉ်အလိုက် ရွေ့လျားနေသည်။ စက္ကန့်လက်တံသည် သူ၏လှည့်ပတ်မှု အကြိမ်ရေပြည့်သွားပါက မိနစ်ဖြစ်သွားသလို၊ မိနစ်လက်တံသည်လည်း သူ၏လှည့်ပတ်မှု အကြိမ်ရေပြည့်သွားပါက နာရီဖြစ်သွားပေလိမ့်မည်။ ဒီတိုင်ကပ်နာရီ စက်တစ်လုံးဖြစ်လာဖို့က ပြုလုပ်သူသည် ရှိကိုရှိနေရမည် ဖြစ်သည်။ နာရီစက်သာ မရှိပါက ဖော်ပြပါ မိနစ်၊ စက္ကန့် လက်တံများတို့သည် သူ့အလိုလို လည်ပတ်နိုင်ခြင်း မရှိပေ။ ထိုနည်းအတိုင်းပင် စကြာဝဠာ ဖြစ်စဉ်ကြီးထဲရှိ နေ၊ လ၊ ကြယ်အစုအဝေး၊ ဂလက်စီ၊ ဉတုရာသီစက်ဝန်း လည်ပတ်နိုင်ဖို့က အကြောင်းအရင်း ရှိနေသည်။ ထိုအကြောင်းအရင်းကို ခရစ်ယာန်တို့က ဘုရား၊ ဗုဒ္ဓဘာသာရှုတောင့်အားဖြင့် “ဓမ္မ”ဟူ၍ခေါ်ကြပါသည်။
Comments
Post a Comment